ပုံကောင်းတစ်ပုံရရှိအောင်ကို သင့်ရဲ့ဖုန်းနဲ့ဘယ်လိုရိုက်ကူးမလဲ...
မိုးအေးအေးနဲ့ နေလည်းမကောင်းဘူး။ ဒီအတိုင်းနေရတာ ပျင်းလို့ ဖုန်းကင်မရာတွေအတွက် တစ်ဒေါင့်တစ်နေရာက အသုံးဝင်ရင်ကျေနပ်ပါတယ်ဆိုတဲ့ စိတ်ကူးလေးရလို့ ရေးလိုက်တာပါ။
ခုခေတ်မှာ ဖုန်းကင်မရာတွေအရည်အသွေးတွေတိုးတက်လာတာကြောင့် တစ်သိန်းဝန်းကျင်တန် ဖုန်းတစ်လုံးရဲ့ ကင်မရာအရည်အသွေးဟာ တစ်ချို့ Point and Shot Camera နီးပါးလောက်ကို ကောင်းမွန်နေပါပြီ။ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးကြခြင်းဟာ ရည်ရွယ်ချက်က အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးက ဖုန်းထဲမှာကြည့်ဖို့နဲ့ လူမှုကွန်ယက်ဆိုက်လိုမျိုးနေရာတွေမှာတင်ဖို့၊ နောက်တစ်မျိုးက ဓာတ်ပုံထုတ်ဖို့ ..။ လုပ်ငန်းသုံးဖို့(ဖုန်းကင်မရာအရည်အသွေးတက်လာတာကြောင့် တစ်ချို့ ရုံးတွေ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေမှာ အလွန်တရာအရေးမကြီးတဲ့ ပုံတွေကို ဖုန်းနဲ့ ရိုက်ကူးမှတ်တမ်းတင်ပြီး ရုံးကိစ္စအလို့ငှာ အသုံးပြုကြပါတယ်။) ။ အွန်လိုင်းပေါ်တင်ဖို့နဲ့ မိမိဖုန်းထဲမှာ သိမ်းထား ဖို့အတွက် ဓာတ်ပုံက ဘယ်လိုပင်ဖြစ်ပစေ အဆင်ပြေပါတယ်။။ ဖုန်းကင်မရာနဲ့ ပုံထုတ်မှာပဲဖြစ်ဖြစ် လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် သုံးမယ်ဆိုရင် တစ်ချို့ နည်းလေးတွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။
(၁) အချက် = သင့်ဖုန်းရဲ့ မှန်ဘီလူးမျက်နှာပြင်ကို ဖုန်သုတ်လိုက်ပါ။ ဒီအချက်က အရေးပါပါတယ်...။ ဖုန်တွေ၊ လက်ဗွေရာတွေက သင်ရိုက်ကူးမဲ့ ပုံရိုပ်ကို ထိခိုက်စေနိုင်ပါတယ်။
(၂) အချက် = ပုံအရည်အသွေးကို အမြင့်ဆုံးချိန်ညှိလိုက်ပြီး ပုံအချိုးကို (4:3) ကိုရွေးချယ်ပေးပါ။ ကင်မရာတော်တော်များများမှာ ဓာတ်ပုံအချိုးက သူ့ပုံမှန်အတိုင်းဆိုရင် (16း9 မြင်ကွင်းကျယ်) ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံထုတ်ရာမှာ ဓာတ်ပုံဆိုက်တွေက 4:3 အချိုးနဲ့ဖြစ်လို့ပါ။ (ဥပမာ - 4×6, 5×7, 6×8 စသဖြင့်ပဲ ဓာတ်ပုံဆိုက်တွေရှိပါတယ်။) ကိုယ်က မြင်ကွင်းကျယ်ဆိုရင် အများကြီးဆန့်တယ်ဆိုပြီး မြင်ကွင်းကျယ်နဲ့ပဲ ရိုက်လိုက်တယ်ဆိုရင် ပုံထုတ်တဲ့အချိန်မှာ သူ့ကို Crop ဖြတ်လိုက်ရင် ဘေးက မြင်ကွင်းတွေမပါတော့ပါဘူး။ ဒါမှမဟုတ် Crop မဖြတ်ဘူး ဆိုရင်တော့ သင့်ပုံက ပုံဆိုက်အပြည့်ရတော့မှာမဟုတ်တော့ဘူး။ နောက်ထပ် 4:3 အချိုးနဲ့ ရိုက်တဲ့အချိန်မှာလည်း ဖုန်းကင်မရာရဲ့ ပုံတွေ အမှန်တကယ်ထွက်တာက 4 လက်မ 6 လက်မ မထွက်ပဲ 4.5 လက်မ 6 လက်မ ထွက်ပါတယ်။ တစ်ချို့Point Shot & Bridge Camera နဲ့ DSLR တွေမှာ ဓာတ်ပုံစကေးအမှန် ထွက်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ယူတဲ့ နေရာမှာ သင်ဟာ လူအုပ်စုကို ရိုက်ကူးမယ်ဖြစ်ဖြစ် အဆောက်အဦတွေကိုရိုက်ကူးမှာပဲဖြစ်ဖြစ် ကင်မရာဘောင်အနားစွန်းထိ ကပ်ပြီးမရိုက်ဖို့သတိထားပါ။ ဘောင်အနားစွန်းထိ ကပ်ရိုက်မယ်ဆိုရင် Crop ဖြတ်လိုက်မယ်ဆိုရင် ခေါင်းဖြစ်ဖြစ် ခြေဖြစ်ဖြစ် ဖြတ်ထုတ်တာ ခံရပါလိမ့်မယ်။ အဆောက်အဦးပုံတွေဆိုရင် ပိုဆိုးပါတယ်။ ရုံးလုပ်ငန်းသုံးပုံတွေက 4"×6", 5"×7" ပဲ သုံးလို့ပါ။
(၃) အချက် = အုပ်စုလိုက်ပုံတွေနဲ့ အဆောက်အဦပုံတွေ၊ မော်တော်ယာဉ်ပုံတွေ ရိုက်တဲ့အခါ အတတ်နိုင်ဆုံး ဒေါင်လိုက်မရိုက်ပဲနဲ့ အလျားလိုက်ပဲ ရိုက်ပါ။ အုပ်စုလိုက်ပုံတွေကို ဒေါက်လိုက်ရိုက်ခြင်းအားဖြင့် ပုံထုတ်တဲ့အခါ ကတ်သီးကတ်သက်ကျပါလိမ့်မယ်။ တစ်ခြားတစ်ဖက်မှာလည်း အဆောက်အဦတွေကို ဒေါက်လိုက်ရိုက်တဲ့အခါ တကယ်တမ်းစာရွက်စာမ်းတွေနဲ့တင်ပြတဲ့အချိန်မှာ ပုံတွေက အလျားလိုက်ပဲ တင်ပြရတာရှိပါတယ်။
(၄) အချက် = ဖြစ်နိုင်ရင် လျှပ်တစ်ပြက်မီးမသုံးပါနဲ့။ ဖုန်းကင်မရာတွေမှာ ပါလေ့ပါထရှိတဲ့ လျှပ်တစ်ပြက်မီး (Flash မီး)ဟာ သင်ရိုက်ကူးမဲ့ ပုံအလှကို ဖျက်ဆီးစေတတ်ပါတယ်။ အနီးကပ်ရိုက်ကူးမယ့်အချိန်မျိုးမှာသာ အလင်းရောင်မလုံလောက်ရင် မီးသုံးနိုင်ပါတယ်။
(၅) အချက် = ကိုယ်ရိုက်ကူးတင်ပြချင်တဲ့အချက်ကို အမိအရရိုက်ကူးပါ။ ဥပမာ- လူတစ်ယောက်လုံးကို ရိုက်ပြချင်တယ်ဆိုရင် လူတစ်ယောက်လုံး ခေါင်းကနေ ခြေပါအောင်ထိရိုက်ကူးပါ။ ခေါင်းတစ်ဝက် ခြေတစ်ဝက်မျိုးမရိုက်ပါနဲ့။ တစ်ပိုင်းရိုက်မယ်ဆိုရင်လည်း ပုံတစ်ပိုင်းကိုပဲ အဓိကထားရိုက်ပါ။ အဆောက်အဦနဲ့ မော်တော်ယာဉ်တွေကို ရိုက်ရာမှာလည်း ဒီအတိုင်းပါပဲ။ ရှေ့မျက်နှာစာတစ်ခုလုံး ရိုက်ကူးမယ်ဆိုရင် ရှေ့မျက်နှာစာတစ်ခုလုံးဖမ်းယူနိုင်မယ့် နေရာကို စိတ်ရှည်လက်ရှည်ရှာပြီးမှ ရိုက်ကူးပါ။ ခေါင်မိုးနဲ့ အောက်ခြေမလွတ်ပါစေနဲ့။
(၆) အချက် = ဘယ်နေရာမျိုးမှာပဲရိုက်ရိုက် အလင်းရောင်များတဲ့နေရာကို ကျောခိုင်းပြီးတော့ မရိုက်ပါနဲ့။ မျက်နှာချင်းဆိုင်သာရိုက်ကူးပါ။ ဖုန်းကင်မရာမှာပါတဲ့ အလင်းအာရုံခံဆင်ဆာက အလိုအလျှောက်စနစ်ဖြစ်လို့ အလင်းများတဲ့ဘက်ကိုပဲ ဦးစားပေးပြီး ချိန်ပေးမှာပါ။ ဒါကြောင့် လူမျက်နှာက ညိုမဲပြီးတော့ နောက်ခံက လင်းနေမှာပါ။ ဓာတ်ပုံရိုက်ခါနီးကျရင် ကိုယ်ရိုက်မယ့်အရာဝတ္တု သို့မဟုတ် လူမျက်နှာနေရာပေါ်နေတဲ့ Screen ပေါ်ကို လက်ကလေးတစ်ချက်အရင်ထောက်ပါ (Touch Screen များသာ) အဲဒီနေရာမှာ အစိမ်းရောင်ကွက်လေးနဲ့အတူ တီတီ နှစ်ချက်မည်မှ ပုံရိုက်ယူတာ အကောင်းဆုံးပါပဲ။
(၇) အချက် = ညအချိန် ရိုက်ကူးမယ်ဆိုရင် ဖုန်းကို ငြိမ်အောင်ထားပြီးရိုက်ကူးဖို့လိုပါလိမ့်မယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် ဘုရားပေါ်ကို နဂါးတက်ဖူးတယ်တို့ဘာတို့ဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မော်ဒါန်မြင့်ဖုန်းတွေမှာတော့ ညအချိန်ရိုက်ကူးဖို့အတွက် အကောင်းဆုံးပြင်ဆင် ထားပေမဲ့ တန်ဖိုးနည်း ဖုန်းတွေမှာတော့ ညအချိန်ရိုက်ကူးဖို့အတွက် အကောင်းဆုံးပြင်ဆင်ပေးမထားပါဘူး။ ဖုန်းမပြောပါနဲ့ ကင်မရာအကြီးတွေမှာတောင် ညဖက်မှာ တစ်ခါတစ်လေကျရင်လည်း ဖြစ်တတ်ပါတယ်။ (ဒီအကြောင်းကို နောက်ထပ် ဆက်လို့ အကျယ်ရေးပေးပါမယ်)
(၈) အချက် = ကိုယ်ရိုက်မယ့်ပုံ မြင်ကွင်းနဲ့ တတန်းတည်းကျအောင်ရိုက်ကူးပါ။ ကင်မရာက အပေါ်က ရိုက်ကူးပြန်ရင်လည်း ခေါင်းကြီး ခြေသေး ဖြစ်ပြီးတော့ အောက်ဖက်နေရိုက်ကူးပြန်ရင်လည်း ခြေကြီး ခေါင်းငယ်ဖြစ်နေပါလိမ့်မယ်။ (Front Camera အသုံးချပြီး အပေါ်ကနေ စီးရိုက်ခြင်းကို မပြောပါ။ Selfile ရိုက်ကူးခြင်းကိုမပြောပါ။) ကိုယ်က သူများကိုရိုက်ကူးပေးတဲ့အခါကိုသာ ပြောတာပါ။
(၉) အချက် = Digital Zoom ကို လုံးဝမသုံးပါနဲ့။ Digital Zoom ဟာ သင့်ပုံရဲ့ အရည်အသွေးကို လုံးဝ ထိခိုကစေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Digital Zoom မှာ သင့်ရိုက်ကူးမဲ့ပုံရိပ်ကို မှန်ဘီလူးနဲ့ အနီးကပ်ဆွဲပေးတာမဟုတ်ပဲ ကင်မရာမြင်ကွင်းထဲက ပုံရိပ်ကို Digital စနစ်နဲ့ ကြီးပေးတာပါ။ ဒါကြောင့် ပုံရဲ့ Pixel တွေ လေးထောင့်ဆန်ဆန်အတုံးလေးတွေဖြစ်နေတာကို တွေ့ရပါလိမ့်မယ်
အထက်ဖော်ပြပါ အချက်တွေကို အနည်းငယ်လိုက်နာရုံနဲ့ သင့်ဖုန်းနဲ့ သင်ဟာ ပုံကောင်းတစ်ပုံရယူနိုင်ဖို့ အတွက် အဆင်ပြေမှာပါ။ နောက်ထပ်အနေအနဲ့ ဖုန်းကင်မရာ Setting တွေအကြောင်းနဲ့ ကင်မရာအသုံးအနှုန်းအကြောင်းတွေကို ဆက်လက်ရေးသားပါအုံးမယ်...။

Comments
Post a Comment